ပြည် မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် (ပထမနေ့) ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသားမိဘများနှင့်အတူ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်းသိရသည်။
ကျောင်းအပ်နှံရာတွင် KGတန်းမှ Grade-11 အထိ အတန်းစဉ်အလိုက် ကျောင်းအပ်နှံ/လက်ခံလျက်ရှိကာ KGတန်း စတင်အပ်နှံမည့် ကျောင်းသား မိဘများအနေဖြင့် ကလေး၏မွေးစာရင်း မူရင်းနှင့် မိတ္တူမှန်၊ မိဘမှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်/ကျေးရွာအလိုက် နေထိုင်ကြောင်း သက်ဆိုင်ရာ၏ ထောက်ခံစာတို့ ယူဆောင်လာရမည်ဖြစ်ကြောင်းသိရပြီး ယင်းအတန်းစဉ်အလိုက်အပ်နှံ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးအပ်သည့်အတန်းစဉ်အလိုက် ဘာသာစုံသင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများကို ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ချက်ချင်းပေးအပ်လျက်ရှိသည်။
“ကျောင်းအပ်နှံလက်ခံပြီးပြီးချင်း ကျွန်တော့်သမီးကို ဆရာမတွေက ပုံနှိပ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေ ချက်ချင်းထုတ်ပေးတယ်ဗျ၊ ဘာပိုက်ဆံမှ မပေးရဘူး” ဟု ပြည်မြို့၊ ခေတ္တရာမြို့သစ်မှ အထက(၅)တွင် ကျောင်းလာအပ်သည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ယင်းသို့ပေးအပ်ရာတွင် Grade-1 မှ Grade-11အထိအား ခဲတံနှင့် ဘောပင်များ အပါအဝင် အတန်းအလိုက် ဘာသာစုံပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်တစ်ဒါဇင်စီ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်ထံက သိရသည်။
ပြည်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၁၁)ကျောင်း၊ အထက(ခွဲ) ၉ကျောင်းနှင့် အလယ်တန်းကျောင်း(၈)ကျောင်း အပါအဝင် စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၈၇ ကျောင်းရှိပြီး ယင်းကျောင်းများတွင် သတ်မှတ်ထားသော မေ၂၆ရက်မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း နေ့စဉ်ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇွန် ၂ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်သင်ကြားဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုဆက်