ကျောင်းကုန်း မေ ၂၆
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ဆိုတဲ့အတိုင်း ဆရာ/ ဆရာမတွေကလည်း စိတ်ဓာတ်ကောင်းရမှာဖြစ်ကြောင်း၊ ကျောင်းသား/ သူများကလည်း စည်းကမ်းကောင်းရမှာ ဖြစ်ပါကြောင်း၊ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က မိဘပြည်သူများအနေဖြင့် ကျောင်းသား/သူများကို ကျောင်းတက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က လက်ခံရယူခဲ့ပြီး၊ အခမ်းအနားကို "ဇာတိမာန်"သီချင်းသီဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)