မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် ပညာရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျောင်းမဖွင့်မီကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အသက် ၅ နှစ်မှ အသက်၁၂ အထိ ကျောင်းသား/ကျောင်းသူအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရေး၊ ကူးစက်ရောဂါ ကြိုတင် ကာကွယ်‌ရေးနှင့်လုံခြုံရေးဆိုင်ရာများ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် ပညာ သင်ကြားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းက ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က လိုအပ်သည်များ အား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)