ဟင်္သာတမြို့နယ်တွင်   ၂၀၂၂-၂၀၂၃   ပညာသင်နှစ်  မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဟင်္သာတ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတမြို့   ဥယျာဉ်မြောက် ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား တက်ရောက် ပြောကြားခဲ့ပြီးနောက် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမူများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်က ဟင်္သာတမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ စာသင်နှစ် ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမူများ  စာသင်ကျောင်းများ အသင့်ပြင်ဆင်ထားရှိမူများ၊ နိုင်ငံတော်မှထောက်ပံ့ပေးသော ပရိဘောဂများ၊ ကျောင်းသုံး စာရေးခုံများ၊ စားပွဲများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များအား မြို့နယ်အတွင်း ကျောင်းများသို့ အချိန်မီ ပို့ဆောင်ပြီးစီးမူ အခြေအနေများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သော ယနေ့ပညာရေးစနစ် အကြောင်းများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် ပြင်ပအလှူရှင်များက အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကျောင်းပြင်ပပညာရေး အခြေစိုက်ကျောင်းများသို့ လှူဒါန်းသောထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ခံများက လက်ခံရယူခဲ့​ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် ရုံးအဖွဲ့များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ