ပခုက္ကူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပခုက္ကူ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီအတွက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံရေး စနစ်တကျ စီစဉ်ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ခွင့်မဆုံးရှုံးစေရေး သက်ဆိုင်ရာ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများက အလေးထားဆောင်ရွက်ပေးရန်နှင့် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်းဆောင်ရွက်ပေးရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူခရိုင် ပညာရေးမှူးရုံးမှ ခေတ္တခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်း က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ပခုက္ကူနယ်မြေခံ တပ်နယ်မှူးဗိုလ်မှူးကြီးမင်းမောင်နှင့် ပခုက္ကူ တက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်တို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းအုပ်ကြီးများထံ အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)