သနပ်ပင် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အထက (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အထက(သနပ်ပင်) Grade(5) မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသူချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်မှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းနေအရွယ် ကလေးများအား မည်သည့်ခွဲခြားမှုမျိုးမရှိရေး၊ တက်ရောက်လာသော ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသားမိဘများအား ကျောင်းအပ်နှံရေးတွင် အားလုံးပူးပေါင်းပါဝင်ပေးရန်နှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် အထက ကျောင်း (၁၁) ကျောင်း၊ အထကခွဲ (၉) ကျောင်း၊ အလက (၁၄) ကျောင်း၊ အလက(ခွဲ) (၁၆) ကျောင်း၊ မူလွန် (၆၇) ကျောင်း၊ အမက (၃) ကျောင်း၊ အမက(ခွဲ) (၁) ကျောင်း စုစုပေါင်း (၁၂၁) ကျောင်းရှိကြောင်းသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်မှ ဇွန်(၁)နေ့ထိ ကျောင်းအပ်လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)