ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ငဖဲ မေ ၂၆

မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးတွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြီး အဆိုပါပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အခမ်းအနားတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဦးတင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးက ၂၀၁၉-၂၀၂၂ ပညာသင်နှစ်တွင် အတန်းများအလိုက်အောင်မြင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်းမတက်ရောက်ခဲ့သူများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အတန်းပြီးမြောက်အောင်မြင်သူများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းကူးပြောင်းတက်ရောက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက ကျောင်းသား/သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိစ္စများကို ရှင်းလင်းပြောကြားသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် အခမဲ့ဖြစ်ကာ နိုင်ငံတော်မှ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ စသည်ဖြင့် ကျောင်းသားကျောင်းသူများအား ပံ့ပိုးပေးပြီး မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

မယု (ငဖဲ)