တောင်ငူ မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဒေါ်တင်တင်ဦးက ကျောင်းအပ်နှံရေး ပြဌာန်းချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တောင်ငူမြို့နယ်ပညာရေးမှူး ဦးသန်းဆွေဦးက တောင်ငူမြို့နယ်အတွင်း ကျောင်းအပ်နှံမှု လက်ခံရေးဆောင်ရွက်ကြမည့် ကျောင်းအုပ်များနှင့် ကျောင်းတာဝန်ခံများအား မိမိတို့ကျောင်းသို့ လာရောက်အပ်နှံကြမည့် ကျောင်းသား ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများ စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း(ဆင့်)ပုံနှိပ်စာအုပ် ၆၅၀၀ စုံ၊ အလယ်တန်း(ဆင့်) ပုံနှိပ်စာအုပ် (၂၅၂၀၀) စုံ၊ ဗလာစာအုပ် (၃၆၀၀၀)ဒါဇင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေ တစ်သိန်းကျပ်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ တစ်သိန်းကျပ်တို့အား ပေးအပ် ချီးမြှင့်ရာ ကျောင်းတာဝန်ခံများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည်ကြည့်ရှုကာ လာရောက်အပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများကို အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်