ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကြို့ပင်ကောက် မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(ပန်းတင်)ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စ၍ပညာသင်ကြားပေးတော့မည်ဟု အသိပေးသောအခမ်းအနားဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် လုံခြုံရေးနှင့်ပတ်သက်၍ အစီအစဉ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နုနယ်သောကလေးငယ်များ၏ စိတ်ထဲတွင် ပညာသင်ကြားလိုစိတ်သာရှိစေချင်ကြောင်း၊ အခြားမလိုလားအပ်သော အတွေးအခေါ်အလွဲအမှားများ မရောက်ရှိရအောင် မိဘများမှစီမံပေးရမည်ဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာများမှ သတင်းအကြောင်းအရာများကို ကျောင်းသားမိဘများမှ ချင့်ချိန်ယုံကြည်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မင်းခိုင်မှ လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးစိုးသန်းမှ ကျောင်းအပ်နှံရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ KG တန်းမှ Grade-11 အထိ ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ KG တန်းမှ  Grade -5 အထိ ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်းအဆင့်တွင် ခဲတံလေးချောင်းတို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များဖြစ်သော လက်ဆေးဘေစင်၊ ဟန်းဂျယ်၊ ဆပ်ပြာ၊ အပူချိန်တိုင်းကရိယာနှင့် အမှိုက်ပုံးတို့ကိုလည်း အခြေခံပညာကျောင်းများတွင် စီစဉ်ထားရှိသွားမည်ဖြစ်ကြောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောကျော်မိုး(ပညာ)ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)