ဒိုက်ဦးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဒိုက်ဦး မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး​နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က(၁) ​အောင်ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁)ကျောင်းသား / ကျောင်းသူတို့မှ မြန်မာ့ကျောင်းသီချင်း သီဆို၍ဖွင့်လှစ်သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးခင်အောင်ရီက အဖွင့်အမှာစကားပြောကြားပြီးနောက် ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါကကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး ကျောင်းနေ ကလေးတိုင်း ကျောင်းနေမြဲ ကျောင်းနေမြဲကလေးတိုင်း ကျောင်းထွက်ပပျောက်ရေးအတွက် မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံရာတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ကျောင်းနေအရွယ် ကလေးအားလုံးမည်သည့် ခွဲခြားမှုမျိုးမှမရှိစေပဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ကြား ခွင့်ရရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ကိုကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။ ဒိုက်ဦးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁၄) ကျောင်း၊ အ.ထ.က(ခွဲ) (၉) ကျောင်း၊ အ.လ.က (၁၉) ကျောင်း၊ အ.လ.က(ခွဲ (၄၁) ကျောင်း၊ မူလွန် (၇၈) ကျောင်း၊ အ.မ.က(၁၁) ကျောင်းနှင့် အ.မ.က(ခွဲ)ကျောင်း (၅) ကျောင်း စုစုပေါင်း (၁၇၇) ကျောင်းတို့မှကျောင်းသား / ကျောင်းသူတို့အား၂၀၂၂/၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းလက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှစတင်၍ ဇွန်လ(၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြ သည့် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော  အတန်းလိုက် ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေး ကိရိယာ ဗလာစာအုပ်များကို ကျောင်းသားကျောင်းသူများအား အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)