မင်းဘူး မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ မူလတန်း တွင် ၁၃၂၂၅ ဦး၊ အလယ်တန်းတွင် ၆၈၉၉ ဦး၊ အထက်တွင် ၁၉၃၄ ဦးဖြစ်၍ စုစုပေါင်း ၂၂၀၅၈ ဦးပညာ သင်ကြားလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အေးအေးချမ်းချမ်းဖြင့် ကျောင်းများအပ်နှံပြီး ပညာသင်ကြားခွင့်ရကြသဖြင့် ကျောင်းသားမိဘများ ဝမ်းသာပီတိဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံကြရာတွင် မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှတိုးက “ကျွန်တော်တို့ ကျောင်းအနေနဲ့ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း မပြုပါဘူး။ ကျောင်းသားများ အတွက် နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးထားတဲ့ စာရေးကိရိယာများ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များကို တစ်ပါတည်း ပေးလိုက်ပြီး ကျောင်းဝတ်စုံများကိုလည်း မကြာမီ ကျောင်းသားများ လက်ဝယ်အရောက် အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေကိုလည်း မိမိသားသမီးများ နည်းတူ ပညာတတ်ကလေးများ ဖြစ်စေချင်တဲ့ အတွက် မိဘများက မိမိတို့သားသမီးများရဲ့ ပညာရေးကို လိုလိုချင်ချင်နဲ့ လာရောက်အပ်နှံကြတာ ဝမ်းသာလို့ မဆုံးပါဘူး’’ ဟု အားပေးစကား ပြောကြားသည်။
ထိုကဲသို့ ပညာသင်စရိတ် အခမဲ့သင်ကြားရခြင်းနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ခြင်းအပေါ် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးရဲတင့်က “ကျွန်တော်တို့မှာ လက်လုပ်လက်စားများ ဖြစ်တဲ့အတွက် စားရေး သောက်ရေးတောင် အနိုင်နိုင်ရုန်းကန်ရှာဖွေ စားသောက်ရပါတယ်ဗျာ။ အခုလို အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားခွင့်ရရှိပြီး၊ အခမဲ့ပညာသင်ကြားပေးကာ ကျောင်းဝတ်စုံပါ ထောက်ပံ့ပေးတော့ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့က ပညာမတတ်ခဲ့ဘူးလေ ဒါကြောင့် သား/သမီးလေးတွေ ပညာတတ်ကလေးတွေ ဖြစ်စေချင်တဲ့အတွက် လာရောက်ထားရခြင်းဖြစ်ပါတယ်’’ ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးရဲတင့်က ပြောသည်။
ဇေယျာထက်(မင်းဘူး)