ပေါက်တော မေ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက် ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ များ လူငယ်၊ လူရွယ်များနှင့် စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက နယ်လှည့် စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ပေးရာတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ စောင်အုပ်ပေါင်း ၁၀၀ ကျော်ကို သယ်ဆောင်ပြီး ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)