ကျောက်ဆည် မေ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ ညနေ ၃ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အိုဇုန်းလွှာသည်အောက်ဆီဂျင် အက်တမ်သုံးခုဖြင့် ဖွဲ့စည်းထားသည့် မော်လီကျူတစ်ခုဖြစ်ပြီး နေမှလာသည့်ခရမ်းလွန်ရောင်ခြည်ကို ကမ္ဘာမြေပြင်သို့မရောက်စေရန် ကာကွယ် စစ်ထုတ်ပေးသော အငွေ့စစ်ကိရိယာတစ်ခုအနေဖြင့် ကမ္ဘာမြေကြီးအား အကျိုးပြုပေးလျက်ရှိကြောင်း၊ အိုဇုံးလွှာပါးခြင်း သို့မဟုတ် ပေါက်ခြင်းများဖြစ်လာပါက ကမ္ဘာမြေကြီးအားအန္တရာယ်ပေးမည့် ခရမ်းလွန်ရောင်ခြည်များ မြေပြင်သို့တိုက်ရိုက်ကျရောက်ပြီး လူနှင့်သတ္တဝါအားလုံးရောဂါ ထူပြောပြီး ဒုက္ခ ရောက်မည်မှာ မလွဲဧကန်ဖြစ်ကြောင်းနှင့် အိုဇုန်းလွှာပျက်စီးမှုမရှိစေရေးတို့အတွက် အိုဇုံးလွှာထိခိုက်ပျက်စီးစေမည့် ဒြပ်ပစ္စည်းများ တင်သွင်းမည့်ကမ္ပဏီများနှင့်လုပ်ငန်းရှင်များအား နှစ်စဉ်ခွဲတမ်းစနစ်ဖြင့် တင်သွင်းနိုင်ရန် မှတ်ပုံတင်ထုတ်ပေခြင်း၊ ထောက်ခံချက်ပေးခြင်းများအပြင်ကုန်စည်များ တင်ပို့ခြင်းမပြုမီ ပိုးမွှားကာကွယ်မှုနှင့် ပိုးမွှားသန့်စင်မှုအနေဖြင့် မီသိုင်းဘရိုမိုက်နှင့် အိုဇုံးလွှာထိခိုက် စေမည့် ဒြပ်ပစ္စည်းများအစား အခြားအစားထိုးဒြပ်ပစ္စည်းများ တင်သွင်းမှုများကို ထောက်ခံပေး လျက်ရှိကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလွှမ်းနိုင်က လူနှင့်သက်ရှိသတ္တဝါများအပြင် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတတ်သော ဓာတုပစ္စည်းပစ္စည်းများ၊ အလွန်သေးငယ်သော အမှုန်အမွှားများ၊ ဇီဝပစ္စည်းများ လေထုထဲတွင်ပါဝင်ပါက ညစ်ညမ်းသည့်လေထု ဖြစ် ကြောင်း၊ စက်မှုစွမ်းအင်၊သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာကဏ္ဍများမှ အခိုးအငွေ့ထုတ်လွှတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ မီးတောင်ပေါက်ကွဲမှု၊ သဲနှင့်ဖုန်မှုန်များ ပါရှိသည့်မုန်တိုင်းတိုက်ခိုက်မှုများ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေကြောင်းနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ကျန်းမာရေးများထိခိုက်ခြင်း၊ အပင်နှင့်တိရိစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီ ဥတုများ ပြောင်းလဲလာ ခြင်း၊ အက်စစ်မိုးများ ရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအားလုံး ပူးပေါင်းပြီးသဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)