ပေါက်ခေါင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မြို့နယ်ဆင့်ဌာနဆိုင်ရာများ အစည်းအဝေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က စတင်ဆွေးနွေး ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် မြို့နယ်အတွင်း နွေစပါးနှင့် ဆီထွက်သီးနှံနေကြာကို ကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးမြေအားလုံးတွင် မြေလွတ်မထားရှိပဲ သီးနှံတစ်မျိုးမျိုး စိုက်ပျိုးနိုင်ရေး၊ ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ရှိ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် အခြေအနေများကို ဦးစွာရှင်း လင်းပြောကြားသည်။
ဆက်လက်၍ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပက်သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)