ရေတာရှည်မြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်

ရေတာရှည် မေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ နတ်တောင်ရွာရှိ ဘက်စုံလယ်ယာဖွံ့ဖြိုးရေး၀န်ဆောင်မှု လုပ်ငန်းရှိဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ  မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကောင်းထက်နိုင်က မိမိတို့နေအိမ်အတွင်း ချက်ပြုတ်နေစဉ်ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ မိမိတို့အိမ်အတွင်း တပ်ဆင်အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများ ဆိုင်ရာသိကောင်းစရာများ၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့် အချက်များ၊ လောင်စာဆီမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းသိကောင်းစရာများကို ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ဘက်စုံလယ်ယာဖွံ့ဖြိုးရေး ၀န်ဆောင်မှုလုပ်ငန်းရှိ ဝန်ထမ်းများအား မီးလောင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်မီးငြှိမ်းသတ် ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့်ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြ လေ့ကျင့်ခဲ့ပြီးနောက် မီးဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် လိုက်လံစစ်ဆေး အကြံပြုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)