စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်စေရေး လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

‌မုံရွာ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ် တည်းခိုနေထိုင်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစွာဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ သွားရောက်လည်ပတ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သွားလာလည်ပတ်စရာ ခရီးစဉ်နေရာများကို ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်လက်အပန်းဖြေ လာစေချင်စဖွယ်ဖြစ်အောင် သန့်ရှင်းသပ်ရပ်မှုနဲ့ ခရီးသွား လုပ်ငန်း ပြန်လည်ရှင်သန်လာရေး ခရီးသွားများ ယုံကြည်စိတ်ချစွာ တည်းခိုနေထိုင်ရေး တို့အတွက် နယ်မြေဒေသအခြေအနေအရ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနဲ့ ခရီးသွားတက်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းကိုယ်စားလှယ်များ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာရောက်သော မသန်စွမ်းခရီးသွား များအတွက် အတားအဆီးမရှိသော ခရီးသွားပတ်ဝန်းကျင်ကောင်းများ ရှိလာစေရန် စစ်ကိုင်းမြို့ရှိ ကောင်းမူတော်နှင့် မင်းကွန်းဒေသ၊ မုံရွာမြို့ရှိ ဗောဓိတစ်ထောင် ဘုရား၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရား တို့အား လျာထားပါကြောင်းနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးမြင့်စိန်က တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ပေးထားမှုအခြေအနေ၊ ဧပြီလအတွင်း ဟိုတယ်/ တည်းခိုရိပ်သာ စည်ပင်သာယာလိုင်စင် တည်းခိုခန်းများတွင် ဧည့်သည်ဝင်ရောက်တည်းခိုမှု အခြေအနေနှင့် တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသည့်ခရီးစဉ်များကို ခရီးသွားများ လာရောက် လည်ပတ်မှု အခြေအနေ၊ မေလအတွင်း ခရီးသွားဝင်ရောက် တည်းခိုမှုအခြေအနေနှင့် ဟိုတယ်/တည်းခိုရိပ်သာ သက်တမ်းတိုးဆောင်ရွက်ရန်နှင့် ခရီးလည့်လည်ရေး ကုမ္ပဏီလုပ်ငန်း လိုင်စင်အသစ်တစ်ခု လျှောက်ထားလာခြင်းအား ခွင့်ပြုပေးရေး တင်ပြချက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဌာနဆိုင်ရာများ၊ ဟိုတယ် လုပ်ငန်းများရှင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်