မုံရွာ မေ ၂၅
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ(၂၄) ရက်နေ့ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းခရိုင်ဘောလုံးအသင်းနှင့် ရွှေဘိုခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ စစ်ကိုင်းခရိုင်အသင်းမှ ရွှေဘိုခရိုင်အသင်းအား (၃)ဂိုး၊ (၂)ဂိုးဖြင့် အနိုင် ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက ဗိုလ်လုပွဲစဉ်တွင် အကောင်းဆုံးကစားသမားဆုရ စစ်ကိုင်းခရိုင်ဘောလုံးအသင်းမှ အကောင်းဆုံးကစားသမား မောင်မင်းထက်နိုင် ကျောနံပါတ် (၁၀)အား Daily Man Of Match ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေကျပ် - ၅ သောင်းအားလည်း ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က ပွဲစဉ်တစ်လျောက် နေရာအလိုက် အကောင်းဆုံးဆု ရရှိကြ သော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပူးတွဲတတိယဆုရရှိသော ကန့်ဘလူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် - ၅ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲ တတိယဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်ငွေသား ဆုငွေကျပ် - ၅ သိန်းတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ဒုတိယဆုရရှိ သော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ငွေကျပ်- ၇ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမဆုရရှိသော စစ်ကိုင်းခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်း ခရိုင်ဘောလုံးအသင်းအား တခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုငွေကျပ် - ၁၀ သိန်းအား ပေးအပ် ချီးမြင့်ခဲ့ပြီး တာဝန်ရှိသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ အားကစားသမား (၁၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်