တာမွေ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဌာနမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးနေမှုများ၊ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကင်းဝေးစေရေးအတွက် Mask Campaign များပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ နတ်ချောင်းရေထိန်းတံခါး ကြံ့ခိုင်မှု ရှိ/မရှိနှင့် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ စက်မှု(၂)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တော်ဝန်က မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
နိုင်လင်းအောင်(တာမွေ)