ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ဒဂုံတောင်  မေ ၂၅

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီး(အရှေ့ကွင်း) သစ်တောဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်ရဲမှူး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်ထားသောနေရာများတွင် ပျိုးပင် အမျိုးအစား(၆)မျိုး ​စုစုပေါင်းပျိုးပင်(၅၀၀)ပင်ဖြစ်သော ကျွန်းပင်(၃၀)ပင်၊ မဟော်ဂနီ(၅၀)ပင် ပျဉ်းမ(၇၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ခရေ(၅၀) ပင်၊ မအူ(၁၀၀)ပင်တို့အား တက်ညီလက်ညီ တပျော်တပါး စုပေါင်းစိုက်ပျိုးကြသည်။

ထို့​နောက် သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊စိုက်ပြီးသစ်ပင် ထိန်းသိမ်းလျှင် လောင်စာလည်းရ ပြည်လည်းလှ၊ ပန်းနှင့်သစ်ပင် ​လေသန့်စင်၍ ဥယျာဉ်တောတန်း စိတ်ရွှင်လန်း၏ စသည့်ဆောင်ပုဒ်များနှင့်အညီ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ် မိုးရာသီတွင် ပြည်သူလူထုသို့ ပျိုးပင်(၄၅၀၀၀၀)ပင် ဖြန့်ဝေစိုက်ပျိုးပေးမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီဌာနမှ သတင်းရရှိသည်။

 သန်းသန်းအေး(ဒဂုံတောင်)