ကျောင်းဖွင့်ချိန်အကြို ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများ ဆောင်ရွက်

ပုဇွန်တောင် မေ ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး နှင့် ကျောင်းသား / ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ယနေ့ နံနက် (၇) နာရီတွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းဝင်းတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ် EO ရုံးဝန်ထမ်းများ၊ ပတ်သန့်လုပ်သားများ၊ စည်ပင်ကျန်းမာရေး ဌာနဝန်ထမ်းများ စုစုပေါင်းအင်အား (၂၀) ဦးဖြင့် ကျောင်းဝင်းနှင့် ကျောင်းစာသင်ခန်းများအတွင်း တံမျက်စည်းလှည်းခြင်း၊ အမှိုက်များအား ရှင်းလင်းခြင်း၊ စာသင်ဆောင်များအတွင်း စာသင်ခုံများ ဆေးကြောသန့်စင်ခြင်း၊  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား abate ဆေးခတ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရသည်။

ဟန်စုယဉ်