မိုင်းငေါ့ မေ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်က ယခုစာသင်နှစ် ဖွင့်လှစ်ရန်အတွက် လိုအပ် နေသော ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေး၊ ကျောင်းတွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် အခြားလုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီနှင့် ကျောင်းသားမိဘများအားလုံး ပူးပေါင်းပါဝင်၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မိုင်းငေါ့မြို့ အမှတ်(၁၀၁)တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူးဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူးဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာရေးဌာနမှ ကျောင်းဖွင့်ရက် သတ်မှတ်သည့်ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များရှိပါကလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာသင်ရာတွင်အဆင်ပြေစေရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း အားဖြည့် ဆောင်ရွက်စေလိုကြောင်းနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများက ကျောင်းအတွက်လိုအပ်ချက်များ၊ အခက်အခဲများကိုဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ပြီး ကျောင်းအပ်နှံရေးကို (၂၆.၅.၂၀၂၂)ရက်နေ့မှ (၃၁.၅.၂၀၂၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)