မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်၊ သုနန္ဒာလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆင့်ပွားသင်တန်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းက ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား​နိုင်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ အမှိုက်ကင်းစင်ကျောင်းဖြစ်စေရေး၊ သန့်ရှင်းသော ယင်လုံအိမ်သာ သုံးစွဲရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အဟာရဖွံဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးစေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တာဝန်ခံများမှ စီမံဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ ဆယ်ကျော်သက်အရွယ် ကလေးငယ်များမြီးကောင်ပေါက် အရွယ်ရောက်လာတာနဲ့အမျှ ကလေးများ၏ ကျန်းမာရေး လိုအပ်ချက်တွေကလည်း လိုက်ပြောင်းနိုင်တာဖြစ်သည့်အတွက် တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်စေဖို့၊ အင်အားပြည့်ဝစေဖို့ ဘယ်လိုလုပ်ပေးရမလည်း၊ မိန်းကလေးတွေကြုံရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလည်း၊ ယုံကြည်ချက်ရှိတဲ့ မိန်းကလေးဖြစ်လာအောင် ဘယ်လိုပျိုးထောင်မလည်း ဆယ်ကျော်သက်အရွယ်မှာ ခံစားရလေ့ရှိတဲ့ စိတ်ခံးစားမှု ပဋိပက္ခတွေကို ဘယ်လိုကူညီရင်ဆိုင်ပေးမလည်း စသည်ဖြင့် ဆယ်ကျော်သက် အရွယ်ကလေးများ အတွက်မွေးမြူသင့်တဲ့ အလေ့အထများနှင့် ဆယ်ကျော်သက် အရွယ်ကလေးများ ကျန်းမာရေးနှင့်ညီညွတ်စေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ရ၊ ကျန်းမာတဲ့ကိုယ်အလေးချိန် ရှိနေရန်၊ အိပ်ရေးဝဝအိပ်ရန်၊ အဟာရမျှတစွာစားသုံးရန်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်တတ်ရန်တို့မှာ မိဘ၊ ဆရာသမားများ၏ လမ်းညွှန်ပြသမှုများဖြင့် တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက် အရွယ်လေးများ ဖြစ်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး