ကျောက်ဖြူမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အွန်လိုင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကျောက်ဖြူ   မေ  ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အွန်လိုင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် အလုပ်သမားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဦးမွန်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ်အောက် ငယ်ရွယ်သူကိုခေါ်ဆိုကြောင်း၊ အလုပ်လုပ်ရန် ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ်ဖြစ်သော်လည်း အလုပ်ချိန်ကြောင့်သော်လည်းကောင်း ပညာရေး (သို့မဟုတ်) ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ထိခိုက်စေသည့်အလုပ်မျိုးကို လုပ်ကိုင်နေရသည့်ကလေးများကိုလည်း ကလေးအလုပ်သမားဟုခေါ်ဆိုကြောင်း၊ ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများက ဆင်းရဲနွမ်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဝင်ငွေရရှိသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် ကလေးအလုပ်သမားများဖြစ်လာရကြောင်း၊  ၂၀၂၀ ပြည့်နှစ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်)အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂.၃၃ သန်းရှိသည့်အနက် ကလေးအလုပ်သမားဦးရေ ၀.၂၉ သန်းရှိပြီး အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကလေးဦးရေ ၀.၂၅ သန်းရှိကြောင်း၊  နိုင်ငံတော်မှ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆပ်ကော်မတီ(၈)ခုကို ဖွဲ့စည်းပေးပြီး လုပ်ငန်းတာဝန်များပေးအပ်ကာ ကလေးအလုပ်သမားပပျောက်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း စသည့် အသိပညာပေးများအား ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးခဲ့သည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show) များ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ သုတ၊ ရသ စာအုပ်အညွှန်းများ မိတ်ဆက်ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်း စသည့် အသိပညာပေး အစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)