မယ်စဲ့ မေ ၂၅
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် တောတောင်ထဲ၌ သဘာဝအလျှောက် ပေါက်ရောက်နေသည့် ဒေသထွက်သစ်ခွပန်းများ ပွင့်လန်းလာချိန် ရှာဖွေရောင်းချ သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
မယ်စဲ့ဒေသသည် တောင်ကုန်းတောင်တန်းများ ပေါများသည့်အလျာက် တောတောင်ထဲရှိ သစ်ခွပန်းများသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ဖူးပွင့်လေ့ရှိသည်။ အများအားဖြင့် သစ်ခွပန်းများသည် သစ်ပင်ကြီးများပေါ်တွင် တွယ်ကပ်ပေါက်ရောက်လေ့ရှိရာ ဒေသခံများအနေဖြင့် သစ်ခွပန်းပွင့်ချိန် ဧပြီနှင့် မေလတို့တွင် သွားရောက်ရှာဖွေကြသည်။
သစ်ခွပန်းရှာဖွေသူများမှာ နံနက်စောစောထ၍ မိသားစုလိုက်တောထဲသို့ သွားရောက်ရှာဖွေကြရသည်။ သစ်ခွပန်းခူးရန် ဝါးများကိုခုတ်ပြီး လှေကားသဖွယ် ပြုလုပ်ကာ သစ်ပင်ပေါ်တက်၍ ချိတ်ဖြင့်ဆွဲယူခူးယူကြရသည်။ ရရှိလာသောသစ်ခွပန်းများ မညှိုးနွမ်းခင်မြို့ထဲသို့ လှည့်လည်ရောင်းချရန် ပြင်ဆင်ကြသည်။ဒေသထွက် သစ်ခွပန်းများသည် အရောင်အသွေးစုံလင်လှပပြီး ကြာရှည်ခံသဖြင့် ဒေသခံပြည်သူများက ကြိုက်နှစ်သက်ကြသည်။
တောတောင်ထဲမှ သစ်ခွပန်းများ နေ့စဉ်ခူးယူရာတွင် သစ်ခွပန်း ၆ ခိုင်ပါ တစ်စည်းကို ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းရပြီး ပူပြင်းခြောက်သွေ့ချိန် ဘုရားပန်း ပူဇော်ရန်အတွက် ဝယ်ယူသူများပြားသဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သစ်ခွပန်းရှာဖွေရောင်းချသူ ဒေါ်နန်းအွမ်ထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)