တောင်တွင်းကြီး မေ ၂၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း ဦးဆောင်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက တောင်ပြင်(၂)ရပ်ကွက်၊ ပုဏ္ဏဝတီလမ်းတစ်လျောက် လမ်းဘေးဝဲ/ယာတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ အမြင်မတင့်တယ်သော အမှိုက်နှင့်မြက်ပင်၊ ချုံနွယ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း ပိတ်ဆို့နေသည်များ ဖယ်ထုတ်ခြင်း၊ ထွက်ရှိလာသော အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျတစ်ပါတည်း သိမ်းဆည်းစွန့်ပစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဗိုလ်ချုပ်လမ်း၊ ပြည်လမ်း၊ မကွေးလမ်းတစ်လျောက်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)