ကျိုက်မရောမြို့နယ်၌ မိုးရာသီ လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် (၅၀၀၀၀)ကျော်ပျိုးထောင်ထား

ကျိုက်မရော   မေ ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနသည် ၂၀၂၂ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးရန်အတွက် လူထုဖြန့်စိုက်ပျိူးရန် ပျိုးပင်ပေါင်း (၃၅၀၀၀)၊ ဒေသခံပြည်သူနှင့် အစုအဖွဲ့စိုက်ခင်းများအတွက် ပျိူးပင်(၁၅၀၀၀)စုစုပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို မိုးရာသီကာလအတွင်း စိုက်ပျိုးရန် ပျိုးထောင်ထားခြင်းဖြစ်ကာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မေလ၂၈ရက်နေ့တွင် ပိန်းနဲကုန်းကျေးရွာအုပ်စု၊ သိမ်ဖြူကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးထောင်ထားသည့် အပင်များမှာ ကျွန်း၊ ပျဉ်ကတိုး၊ ခရေ၊ မန်ဂျန်ရှား၊ သင်္ကန်း၊ မဟော်ဂနီ၊ စိန်ပန်း၊ သြရေရှား၊ ယူကလစ်တို့ဖြစ်ပြီး ဒီရေတောများတွင် ရေကြီးနှစ်မြှပ်မှုဒဏ်ကာကွယ်ရန်အတွက် မဒမပင်၊ ဗြူးခြေထောက်၊ ကနစိုစသည့် ပျိုးပင်များကို ဖြန့်ဝေပေးရန် ပျိူးထောင်ထားရှိပြီး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အသင်းအဖွဲ့အစည်းများမှ မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရန် မေလ၂၈ရက်မှစတင်၍ မြို့နယ်သစ်တောဦးစီးဌာနဝင်းရှိ ပျိုးဥယျာဉ်တွင် အခမဲ့လာရောက် ထုတ်ယူနိုင်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးအောင်မင်း သူထံမှသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)