ကျိန္တလီ မေ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိန္တလီမြို့ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၃)ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ ပိုးလောက်လန်းသေသည့် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိန္တလီ(ပြန်/ဆက်)