ပင်လုံမြို့၌(၆၃)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယအောင်မြင်တော်မူကြသည့် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့်အောင်ဆု ဆက်ကပ်လှူဒါန်း

ပင်လုံ မေ ၂၄

ရှမ်းပြည်နယ်{တောင်ပိုင်း)ပင်လုံမြို့ မင်္ဂလာမွေတော်စာသင်တိုက်၌ (၆၄)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် အလှူမင်္ဂလာမဟာဓမ္မသဘင်အခမ်းအနားနှင့် (၆၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယစာမေးပွဲအောင် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် အောင်ဆုတော်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ဓမ္မဝါစက သုမင်္ဂလာဗိမာန်တော်ကြီးတွင်ကျင်းပရာ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ပြီး ဘွဲ့တံဆိပ်သေတ္တာ၊ ဘွဲ့တော်တုံးတို့ကို ဆက်ကပ်ပေးပါသည်။

အစီအစဉ်အရ ရှေးဦးစွာ နာယကဆရာတော်နှင့် ပုစ္ဆာကစာထောက်စာမ ဆရာတော်များအား ပိဋကတ်ကျောင်း သုဝဏ္ဏဘူမိဓမ္မာရုံကျောင်းဝင်းမှ အခမ်းအနားကျင်းပရာ မင်္ဂလာမွေတော်ကျောင်းဓမ္မဝါစက ဓမ္မာရုံကျောင်းတော်သို့ပင့်ဆောင်ပါသည်။ ယင်းနောက် ဓမ္မာစရိယစာမေးပွဲအောင် အရှင်သူမြတ် ၈ ပါးတို့နှင့် စာမေးပွဲအထူးအောင် ပထမ၊ ဒုတိယ၊ တတိယအဆင့်ရ သံဃာတော်များပင့်ဆောင်ပြီး အောင်လက်မှတ်နှင့်ဆုတော်များကို လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တဒေါက်တာပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ) ပိဋကတ်သျှမ်းဘာသာပြန် သံဃာ့အဖွဲ့ချုပ်ဥက္ကဋ္ဌက ချီးမြှင့်ပေးတော်မူသည်။ ဆက်လက်၍ ၁၃၈၃ ခုနှစ် (၆၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယသံဃာတော်အရှင်သူမြတ် ၇ ပါးနှင့် သီလရှင် ၁ ပါးတို့အား အောင်လက်မှတ်ချီးမြှင့်ခြင်း၊ ဘွဲ့တံဆိပ်သေတ္တာ၊ ဘွဲ့တော်တုံးဆက်ကပ်ခြင်းအစီအစဉ်တွင် မွေတော်ကျောင်းတိုက်စာချဆရာတော် နန္ဒဓဇကထေရုပတ္တိကိုလည်း‌ကောင်း ပိဋကတ်ကျောင်းစာချဆရာတော် ခန္တီစာရကအောင်လက်မှတ်ကို ဖတ်ကြားပူဇော်ပါသည်။ ဆက်လက်၍ လွိုင်လင်မြို့ဓာတ်တော်ကျောင်းတိုက်ဆရာတော် စာပွဲတော်ဥက္ကဋ္ဌ ဘဒ္ဒန္တဒေါက်တာပညာနန္ဒမှ အောင်လက်မှတ်ချီးမြှင့်ပေးပါသည်။ ထို့နောက် ဘွဲ့တံဆိပ်သေတ္တာ၊ ဘွဲ့တော်တုံးတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သာသနာရေးမှူးတို့က အသီးသီးဆက်ကပ်ကြသည်။ ထို့နောက် အလှူမင်္ဂလာတရားတော် ရေစက်သွန်းချ အမျှပေးခြင်းကို ဆောင်ရွက်ပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ (၆၃) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်တွင် ဓမ္မာစရိယအောင် ၈ ပါး၊ ( ပ၊ ဒု၊ တ )အထူးအောင် ၁၈ ပါး၊ ရိုးရိုးအောင်တွင် ပဉ္စတန်းမှ ၁၄ ပါး ၊ စတုတ္ထတန်းမှ ၁၅ ပါး၊ တတိယတန်းမှ ၁၅ ပါး၊ ဒုတိယတန်းမှ ၁၄ ပါးနှင့် ပထမတန်းမှ ၁၁ ပါး၊ စုစုပေါင်း ၉၅ ပါး အောင်မြင်တော်မူကြကြောင်း သိရသည်။

လွိုင်လင်မိုး