သုံးခွ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၌ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် အခြေခံပညာအ.ထ.က ကျောင်း (၁၀) ကျောင်း၊ အ.ထ.က(ခွဲ) (၁၀) ကျောင်း၊ အ.လ.က (၉) ကျောင်း၊ အ.လ.က(ခွဲ) (၉) ကျောင်း၊ မူလွန် (၁၀) ကျောင်း၊ အ.မ.က (၉၇) ကျောင်း၊ အ.မ.က(ခွဲ) (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆) ကျောင်း စုစုပေါင်း (၁၅၂) ကျောင်းရှိပြီး မိမိတို့ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာ၀န်ခံများက ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များအား အသီးသီး ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်တို့ကို အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်းနှင့် ကျောင်းသုံးစာရေးကိရိယာများကို လည်းဖြန့်ဝေသွားရန်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်ထံမှ သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယခုနှစ် မေလ (၂၆) ရက်နေ့မှ ဇွန် (၁) ရက်နေ့အထိ ကျောင်းအပ်နှံခြင်း ရက်သတ္တပတ်သက်မှတ်၍ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်