နေပြည်တော် မေ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်အတွင်းရှိ ခရိုင်ရုံးနှင့်မြို့နယ်ရုံးများ၏ ငွေစာရင်းဆိုင်ရာလုပ်ငန်းများ မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒက္ခိဏခရိုင်စာရင်းစစ်ရုံးနှင့် ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုအောင်နှင့် စာရင်းစစ်မှူးဦးကျော်ရွှေတို့က သင်တန်းတွင်ပို့ချမည့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဒက္ခိဏခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဝန်ထမ်းများအား သင်တန်းနည်းပြ(၄)ဦးမှ ဌစရေးဆွဲနည်း၊ ခွင့်လစာ/ပျှမ်းမျှလစာများတွက်ချက်နည်း၊ နှစ်တိုးဇယားပြုစုနည်း၊ LPC/ခရီး စရိတ်ရေးဆွဲနည်း၊ ရသစ-၆/နှစ်ချုပ်စာရင်းရေးဆွဲနည်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ စာရင်းနှင့်ငွေကြေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ စသည့်ဘာသာရပ်များကို သင်တန်းကာလ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)