ကျိုင်းတုံ မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် စပါးစိုက်ဧက တစ်ဧကကို ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံစိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် ၁၀၀၀၀၀ နှုန်း၊ တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ် ပင်းတောက်၊ မိုင်းလပ်၊ မိုင်းခွန်၊ မိုင်းဇင်း၊ ယန်းကျိမ်နှင့် နမ့်လီနမ့်လုံကျေးရွာအုပ်စုများရှိ တောင်သူ ၆၄ ဦး၊ စိုက်ပျိုးဧက ၂၀၉ ဧကအတွက် စုစုပေါင်းငွေကျပ် ၃၁၃ ဒဿမ ၅ သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးမှ ထုတ်ချေးပေးကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လာမည့်မိုးစပါးစိုက်ပျိုးချိန်နှင့် အခြားသီးနှံများစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန် နိုင်ငံတော်အစိုးရက အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့်တောင်သူများအား လာမည့် စက်တင်ဘာလကုန်အထိ စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)