တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ညအချိန်များ၌ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတားဌာန)နှင့် မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လမ်းမီးများအား စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုလို ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လမ်းမီးများ စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ပေးနေမှုအပေါ် ကျိုက္ကဆံလမ်းတွင် နေထိုင်သူ ကိုကျော်ထွန်းကလည်း " သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် ယခုလို လျှပ်စစ်မီးလင်းခြင်းမရှိသည့် မီးတိုင်များကို စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်ပေးခြင်းဟာ လမ်းတွင်းနေထိုင်သူများအတွက်သာမက လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများ၏ ညဘက်လုံခြုံရေးအတွက် အရမ်းကို အကျိုးရှိပါကြောင်း၊ ဒါ့အပြင် ကျိုက္ကဆံလမ်းဟာ တာမွေမြို့နယ်၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့်အတွက် ဒဂုံမြို့သစ်မြို့နယ်(၄)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်များမှ (ဆူးလေ)ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေသော YBS ယာဉ်လိုင်းများ ဖြတ်သန်းသွားလာမှု အများဆုံးဖြစ်ခြင်းကြောင့် ညဘက်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါကြောင်း " ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက်လည်း အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)