ချမ်းမြသာစည်မြို့နယ် Community Centre တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ချမ်းမြသာစည် မေ ၂၄  

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်း အနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကျောင်းသားအရွယ်လူငယ်မောင်/မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်စိပ်မှူး ဦး‌အောင်‌ကောင်းထက်က ကြက်ခြေနီတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံကြက် ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၂)ဦးတက်‌ရောက်ခဲ့သည်။ သင်တန်းတွင် ရှေးဦးသူနာပြုစုနည်း၊ အရေးပေါ်လက်တွေ့ပြုစုနည်းနှင့် သဘာ၀ဘေးအန္တရာယ်များကျ‌ရောက်ပါက ကူညီဆောင် ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနအနေဖြင့် ရှေးဦးသူနာပြုစုနည်းသင်တန်း (၂/၂၀၂၂)ကို လာမည့်မေလ ၂၉ ရက်နေ့တွင် သင်တန်းသား/သူ(၃၀)ဦးဖြင့် ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း