ရခိုင်ပြည်နယ် မောင်တောမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

မောင်တော  မေ  ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင်  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့  နံနက် ၉ နာရီအချိန်  အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကုန်မှုအခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီး တရားမဝင်ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး  ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှု၊ ပြစ်ဒဏ်များ  ဆောင်ရန်၊ ရှောင်ရန်များ ပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းက  အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီး များအား ကာကွယ်စောင့်ရှောက်နေမှုများ၊ အသင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ကြပ်ကြီး တင်ထွန်းက လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ ကျေးဇူတင်စကားပြောကြားခဲ့သည်။  အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်နှင့်ဝန်ထမ်းများ၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၂)မှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)