ဒေးဒရဲမြို့၌ ပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ဒေးဒရဲ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ် ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်၍ စနစ်တကျသွားလာမှု ရှိစေရေး အသိပညာပေးအနေဖြင့် Mask Campaign ကို ယနေ့ နံနက် ၉  နာရီက ဒေးဒရဲ-ဖျာပုံ ကားလမ်းမရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးနှင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက် လူစည်ကားရာ နေရာများတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် လူစည်ကားရာ နေရာများတွင် သွားလာလျက်ရှိသော ခရီးသွားပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာမှု မရှိစေရေး အသိပညာပေးခြင်းနှင့် ပါစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများကို Mask (၁၀၀၀)ခုအား  အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် နိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာကြစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)