သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌  (Book Club) အဖွဲ့ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

သံတွဲ မေ ၂၄

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) ဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် (Book Club)အဖွဲ့၏ နာယကများနှင့် အဖွဲ့ဝင်များက ဥက္ကဋ္ဌ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြသည်။

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ ယာယီချမှတ်ဆွေးနွေးခဲ့သည့် ရည်ရွယ်ချက်များဖြစ်သည့် ကလေးများစာဖတ်ခြင်း အလေ့အထများ ဖြစ်ထွန်းလာစေရေးအတွက် ဖန်တီးတည်ဆောက်ပေးရန်၊ ကလေးများ စာပေအမျိုးအစားအလိုက် စိတ်ခံစားမှုများကို ဖေါ်ထုတ်ပေးနိုင်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ ကျောင်းစာကြည့်တိုက်များ သက်ဝင်လှုပ်ရှားရေးအတွက် အထောက်အကူပြုသောအစီအမံများ ပြုလုပ်ပေးရန်၊ လူငယ်များအတွက် စာပေ၊ ဂီတ၊ ပန်းချီ အနုပညာဆိုင်ရာစွမ်းရည်များအား ဖေါ်ထုတ်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး တိုင်းပြည်တည်ဆောက်ရေးကို အထောက်အကူပြုနိုင်သည့်  နိုင်ငံသားကောင်းရတနာများ ဖြစ်ထွန်းလာစေရေးအတွက် အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်များ ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)