သံဖြူဇရပ်၌ ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့်မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

သံဖြူဇရပ်  မေ  ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မြို့နယ်အထွေထွေဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာ အခြေပြုပန်းအလှပြင်နှင့် မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ရွာအခြေပြုအိမ်တွင်းမှုသင်တန်းများကို အိမ်တွင်းမှုကျောင်းမရှိသည့် ဒေသနှင့်အိမ်တွင်းမှု ကျောင်းများသို့သွားရောက်ရန် အခက်အခဲရှိသော ဒေသများသို့ လာရောက်ဖွင့်လှစ်ခြင်းဖြစ်၍ များစွာအကျိုးရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ဆင်းရဲနွမ်းပါးသော အမျိုးသမီးတို့၏ ဘဝရပ်တည်နိုင်သော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအချိန် ကာလတိုတောင်းသော်လည်း ပို့ချသည့်နည်းပညာရပ်များသည် အသက်မွေးဝမ်းကြောင်း ပြုနိုင်သည့်အတွက် သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နေက် သင်တန်းနည်းပြ ဆရာမ(၂)ဦးတို့က ပန်းအလှပြင်ခြင်း လုပ်ငန်းဖြစ်သည့် စာပွဲတင်ပန်း၊ လက်ဆောင်ပန်း၊  လက်ကိုင်ပန်း၊ ပန်းခြင်း၊ ချိတ်ပန်းနှင့် Stand.ပန်းစသည့် အမျိုးအစား(၆)မျိုးနှင့် မြန်မာအစားအစာ ပြုလုပ်နည်းဖြစ်သည့် ကြက်ဥကျောက်ချော၊  ရွှေကြည်ဟာလဝါ၊ ပဲရွှေကြည်ဟာလဝါ၊ဂျုံဟာလဝါ၊ ငှက်ပြောသီးဟာလဝါနှင့် အိတုံ စသည့်မြန်မာအစားအစာ (၆)မျိုး တို့ကို စာတွေ့လက်တွေ့ သင်ကြားပြသသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ် ရပ်ကွက်မှသင်တန်းသူ(၂၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို မေ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ နေ့စဉ် နံနက်၁၀ နာရီမှ ညနေ ၁၆နာရီအထိသင်ကြား ပြသသွားမည်ဖြစ်ကြောင်း မွန်းပြည်နယ် အိမ်တွင်းမှုသက်​မွေးလုပ်ငန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့် ဝင်းထံမှသိရသည်။

အေးအေးသီ(ပြန်/ဆက်)