ငဖဲ မေ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော “သဒ္ဒမ္မဇောတိကဓဇ” ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝဏ္ဏိတ ဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီက ငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသောဆရာတော်များနှင့် ဧည့်ပရိသတ်များက နမောတသသုံးကြိမ် ရွတ်ဆို၍ ထူးမခြားနားတေးသံသာဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ရွှေမြိုင်ဆရာတော်ဦးနန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရား တော်များနာယူပြီး ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို အလှူရှင်များက ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဘဒ္ဒန္တဝဏ္ဏိတ၏ ဂုဏထောမနာဂါထာများကို ထော်ဇာဆရာတော်အရှင်တိက္ခဝံသ “သာသနတက္ကသီလဓမ္မာစရိယ” B.A(Buddhism) အရှင်သူမြတ်မှ ရွတ်ဖတ်ပူဇော်၍ ဘဒ္ဒန္တဝဏ္ဏိတ၏ ထေရုပ္ပတ္တိ အကျဉ်းကို ဇီးတောဆရာတော်ဦးစိတ္တိကရ ကရွတ်ဖတ်ခြင်း၊ ရတုပိုဒ်စုံကို နိုင်ငံကျော် ရွှေတံဆိပ်ဆုရတေးသံရှင် ဆုမြတ်ထက်က ပူဇော်ခြင်း၊ ရှစ်လုံးဘွဲ့ကဗျာများကို ဂုတ်ကြီးကျေးရွာ ကလျာဏယုဝတီအသင်းသူများက ပူဇော်ခြင်း၊ ဘဒ္ဒန္တဝဏ္ဏိတ၏ ဂုဏပူဇာဝန္ဒနာကို ရှောက်ရင်း ဆရာတော် အရှင်ထေရာဝံသ“သာသနဓဇ ဓမ္မာစရိယသာသနတက္ကသီလဓမ္မာစရိယ” B.A(Buddhism) ကရွတ်ဖတ် ပူဇော်ခြင်း၊ ဂုဏပူဇာတေးထပ်ကို နိုင်ငံကျော်ရွှေတံဆိပ်ဆုရတေးသံရှင် ဆုမြတ်ထက်က ပူဇော်ခြင်း၊ “သဒ္ဒမ္မဇောတိကဓဇ”ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝဏ္ဏိတ ဆရာတော် အရှင်သူမြတ်အား လှူဖွယ် ပစ္စည်းများကို ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုစလွယ်များပေးအပ်၍ ရွှေမြိုင် ဆရာတော် ဦးနန္ဒာသီရိထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း ကသာသနာ ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းစကားလျှောက်ထားပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
မယု (ငဖဲ)