ကျောက်ပန်းတောင်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာနှင့်ပြည်သူများစုပေါင်း၍ သာသနာ့ဗိမာန်တော်ဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်

ကျောက်ပန်းတောင်း မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းရေးကို၊ မေလ(၂၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းသာယာလှပသော မြို့ဖြစ်စေရန်အတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေး ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကျောက်ပန်းတောင်းတပ်နယ်မှ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/ အရာခံ အကြပ်တပ်သားနှင့်ရဲမေ အင်အား (၁၂၀)ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ (၁၀၈)ဦးနှင့် လူမှုရေးအသင်းအဖွဲ့ဝင် (၁၅)ဦး စုစုပေါင်း (၂၄၃)ဦး ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ သာသနာ့ဗိမာန်ဝန်းအတွင်းရှိ ပေါင်းမြက်များနှင့် အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်လင်း ဆောင်ရွက်ခဲ့ကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သယ်ယာဉ်ဖြင့် မြို့ပြင်အမှိုက်ကျင်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)