ကျိုက်လတ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန၊ သစ်တောဦးစီးဋ္ဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ကို ဂုဏ်ပြုသောအားဖြင့်၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၇:၃၀)နာရီ အချိန်ခန့်က ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဋ္ဌာန ဦးစီးဋ္ဌာနမှူး ဦးအောင်ကျော်ဦးတို့မှ တက်ရောက်လာသူများထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ ပျိုးပင်များအား စနစ်တကျစိုက်ပျိုးခဲ့ ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန် မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ဆောင်ရွက် ခြင်းဖြစ်ပြီး ကျွန်းပင် ၂၀၊ ရေသင်းဝင်ပင် ၅၀၊ မဟော်ဂနီပင် ၅၀၊ မန်ဂျန်ရှားပင် ၈၀၊ မာလာလူးကားပင် ၅၀၊ ပျိုးပင်စုစုပေါင်း (၂၅၀)အား စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဋ္ဌာန ဦးစီးဋ္ဌာနမှူး ဦးအောင်ကျော်ဦး ထံမှ သိရသည်။
အဆိုပါ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်ရီရီမြင့်