ကြာအင်းဆိပ်ကြီး မေ ၂၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က သင်တန်းသား ဆရာ ဆရာမများအား အားပေးအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသင်ခန်းစာ သင်ကြားမည့် ဆရာ ဆရာမအား စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး သင်ကြားသင်ယူမှုစနစ်သစ်၏ ထိရောက်မှုအား နာလည်သဘောပေါက်စေရန် သင်ရိုးသစ်အား ကျောင်းသား ကျောင်းသူများအနေဖြင့် ကောင်းစွာ လေ့လာသင်ယူ တတ်မြောက်နိုင်စေရေးအတွက် ရှင်းလင်းပြောကြားသည်။
၎င်းသင်တန်းအား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ အထက်တန်းအဆင့်သင် အထက်တန်းပြ ဆရာ ဆရာမ စုစုပေါင်း (၁၇၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလကို မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး