မော်လမြိုင်ကျွန်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မြို့နယ်အတွင်းရှိ သီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် က တစ်ဧကသီးနှံတိုးတက်မြင့်မားရေး၊ ရိုးပျက်ကျန်ဧရိယာ သီးနှံစိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံတိုးမြှင့် စိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းမြင့် က မြေအမျိုးအစားခွဲခြားပုံနှင့် သီးနှံအထွက်နှုန်းတိုးမြင့်ရေး သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမိုးမိုးခိုင် က တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးအောင်ဆန်းဦး က ဆည်မြောင်းကဏ္ဍနှင့် ပတ်သက်သည့် ရေကြီးရေလျှံမှုများအကြောင်းရှင်းလင်းဆွေးနွေးကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများမှ တင်ပြလိုသည်များ မေးမြန်းတင်ပြခဲ့ကြပြီး အခမ်းအနားသို့ ကျေးရွာအုပ်စု (၁၆) အုပ်စု၊ ရပ်ကွက် (၃) ခုမှ တောင်သူ (၃၃၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)