နတ်မောက် မေ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ပျော်ဘွယ်-နတ်မောက် ကားလမ်းဘေး မိုင်တိုင်အမှတ် (၃၁/၄)အနီး၊ စိုင်ကောင်းသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၁) အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်များကို ပင်မစစ်လက်နက် ပစ္စည်းတပ် (နတ်မောက်) တပ်မှူးဗိုလ်မှူးချုပ် မျိုးမင်းထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်း၊ ရဲမှူး မင်းသူ၊ မြို့နယ်ပညာရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေနှင့် ဒေသခံပြည်သူတစ်ဦးသို့ အသီးသီးပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပျိုးပင်များစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးမှူးမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်စိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ် ဖြစ်ပေါ်လာစေပြီး၊ သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုး ထားတတ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုးစုံ (၉)မျိုးဖြင့် ပျိုးပင်ပေါင်း (၅၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့သည်ဟု မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း ထံက သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်) တပ်မှူးဗိုလ်မှူးချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဥယျာဉ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ သာယာအေးကျေးရွာ ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း