တိုင်းဒေသကြီးဝန်ကြီးချူပ် ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော် ထေရ်ရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်ကြည်ညိုဂုဏ်ပြု

လေးမျက်နှာ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်ငြိမ်းအေးကျောင်းတိုက် သံသရာငြိမ်းအေးစတုမုခဇေယျ သိဒ္ဓိစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော် ထေရ်ရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်ကြည်ညို ဂုဏ်ပြုပူဇော်ခဲ့သည်။

အခမ်းအနားကို တမောတဿ()ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ယွန်းကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ ရွှေတံဆိပ်ဆုများရှင် တေးသံရှင်များဖြစ်သော တေးသံရှင်ကျော်ကျော်ဟန်နှင့် တေးသံရှင်သူဇာအောင် တို့က မင်္ဂလာပိုဒ်စုံရတု၊ ရှစ်ဆယ်ပေါ်တေးထပ်တို့ဖြင့် သီဆိုပူဇော်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးတင်မောင်ဝင်း က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆပ်တော်ရ အောင်ဆန်းတောရ တပ်ဦးကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ မဟာထေရ်အရှင်သူမြတ်အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကြွရောက်လာကြတော်မူသော ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား အလှူရှင်များမှ လှူဖွယ်ဝတ္ထူများ ဆက်ကပ်လှူဒါန်းကာ လေးမျက်နှာမြို့နယ် နယ်လှည့်ဓမ္မကထိက ပရဟိတဆရာတော် အရှင်အရိယာနန္ဒက ဂုဏ်ပြုကျေးဇူးတင်စကား လျှောက်ထား၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော် ထေရ်ရှင်မြတ်သည် အင်္ဂပူမြို့နယ် ကျွဲသောင်ရွာဇာတိဖြစ်ပြီး ပရဟိတလုပ်ငန်းများဆောင်ရွက်တော်မူခြင်း၊ စာပေကျမ်းဂန်များ ရေးသား ပြုစုခြင်းများဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှပူဇော်အပ်သော ဘွဲ့တံဆိပ်တော်များ ခံယူတော်မူရာ ယခုအကြိမ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံရခြင်း ဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)