ကျောက်ဖြူ မေ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန် တုတ်ကွေးရောဂါ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အရာရှိရပ်ကွက်သို့ သွားရောက်ကာ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အရာရှိရပ်ကွက်သို့ သွားရောက်၍ ၎င်းရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်း အိမ်ရာများ၊ နေအိမ်များနှင့် ဆိုင်ခန်းများတွင်ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်ပေါက်ပွားနိုင်ခြေရှိသည့် ရေတွင်း၊ ရေကန်များအား ပိုးလောက်လမ်းသေ အဘိတ်ဆေးများ ခတ်ပေးခဲ့သည်။ ယင်းနောက် ဘုရားညောင်ရေ ပန်းအိုးများကို ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးပြီး သွေးသွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြသည်။ အလားတူ ယနေ့ နံနက်ပိုင်းက ငှက်ဖျားဌာနမှ ငှက်ဖျားအင်စပက်တာ ဦးထွန်းရင် ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကလည်း ကျောက်ဖြူခရိုင် ရဲရုံးဝန်ထမ်းအိမ်ရာ လိုင်းခန်း များသို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး မာလာသီယွန်ဆေး ဖျန်းပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ (၆၀)ဦး ရှိပြီး၊ သေဆုံးသူမရှိကြောင်း ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားဌာနမှ သိရှိ ရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း