မော်လိုက်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

မော်လိုက် မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရမည့် ကျန်းမာရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးရောင်းချသူများ၏ လူငယ် လူရွယ်များထံ ရောက်ရှိအောင် နောက်ကွယ်မှ လှုံ့ဆော်စည်းရုံးနေမှုများ၊ မူးယစ်ဆေးဝါးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး လူငယ်များအကြား အသုံးပြုများနေသည့် ကော်ရှုခြင်းဆိုင်ရာအန္တရာယ်အကြောင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး