လေးမျက်နှာမြို့နယ်သို့ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကိတ္တိသာရ အပူဇော်ခံကြွာရောက် လာရာလမ်းတစ်လျှောက် ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

လေးမျက်နှာ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်ငြိမ်းအေးကျောင်းတိုက်၊ သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်သို့ ယနေ့နံနက်ပိုင်းက အပူဇော်ခံကြွချီလာမှုအား ဒေသခံပြည်သူများမှ လမ်းမကြီးတစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော်ထေရ်ရှင်မြတ်အား နိုင်ငံတော်မှအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသည့်အတွက် ဂုဏ်ပြုပူဇော်ပွဲကို ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၈)ရက်၊ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက် တနင်္ဂနွေနေ့နံနက် ၈ နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် အပူဇော်ခံကြွရောက်လာမှုအား  လေးမျက်နှာမြို့နယ်သူ/မြို့နယ်သားများမှ မြို့အဝင်လမ်းမကြီးတစ်လျှောက် ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများ၊ ကျောင်းများမှ အကအဖွဲ့များ၊ အိုးစည်ဒိုးပတ်ဝိုင်းများ၊ ဒုံယိမ်းအဖွဲ့များဖြင့် ကြိုဆိုခဲ့ကြသည်။

ဆရာတော်အရှင်သူမြတ်သည် လေးမျက်နှာမြို့နယ် ကျွဲသောင်ရွာဇာတိဖြစ်ပြီး ပရဟိတလုပ်ငန်းများ ဆောင်ရွက်တော်မူခြင်း၊ စာပေကျမ်းဂန်များ ရေးသားပြုစုခြင်းများဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ ပူဇော်အပ်သော ဘွဲ့တံဆိပ်တော်များ ခံယူတော်မူရာ ယခုအကြိမ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံရခြင်းဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)