ချောင်းဦး မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဝါစိုက်တောင်သူများအား ဖိတ်ကြားပြီး ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံရဲ့စီးပွါးရေးတိုးတက်ဖို့အတွက် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့လိုအပ်ကြောင်း၊ စိုက်ပျိုးတဲ့အခါမှာလည်းစျေးကောင်းရရှိပြီး အထွက်နှုန်းများ တိုးတက်လာဖို့လိုအပ်ကြောင်း၊ အထွက်နှုန်းတိုးဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ နည်းစနစ်တကျ စိုက်ပျိုးတတ်စေရေး၊ ပိုးသတ်ဆေးသုံးစွဲမှုလျော့ကျနိုင်စေရေး၊ အန္တရာယ်ကင်းတဲ့ သဘာဝမြေသြဇာဖော်စပ်အသုံးပြုနိုင်ရေးနည်းပညာများအား တောင်သူများနဲ့လက်တွဲပြီး ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်၊ ဘက်စုံပိုးမွှား ကာကွယ်ရေးနည်းစနစ်ကို ကျင့်သုံးလာတတ်စေရန်၊ ဝါစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာဆောင်ရွက်လာတတ်စေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်ခြံများဖြင့်ချိတ်ဆက်ပြီး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနေကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၄၅ ဦးအား ဝါသီးနှံမျိုးစေ့များ ပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရန် ဧက ၇ ထောင်ကျော်ရာထားထားပြီး ယခုအခါ ဧက ၃ ထောင်ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါများဖြစ်သည့် ရွှေတောင် ၈ မျိုး၊ ရွှေတောင် ၁၀ မျိုး၊ ငွေချည်ပိုးမျိုးများ စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)