ဆင်ပေါင်ဝဲ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့က ခရိုင်စိုက်ကြပ်အဖွဲ့ဝင်များမှ မြို့နယ် စိုက်ကြပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ နေကြာသီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ လျာထားချက် ပြည့်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ “ဆင်ပေါင်ဝဲ မြို့နယ်အနေဖြင့် နေကြာသီးနှံစိုက်ဧကပြည့်မီကျော်လွန်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုး နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များအား အခမဲ့ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ နေကြာသီးနှံအား အထူးအလေးထား စိုက်ပျိုးကြရန် လိုအပ် ကြောင်း၊စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများကအသိပညာပေးခြင်းလုပ်ငန်းများကို တောင်သူများ တတ်သိနားလည်သည်အထိ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။
ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် ခရိုင်စိုက်ကြပ်အဖွဲ့နှင့် မြို့နယ် စိုက်ကြပ်အဖွဲ့ဝင်များမှ လက်ရှိနေကြာစိုက်ပျိုးထားရှိမှုအခြေအနေနှင့် လျာထားချက် ပြည့်မီ ကျော်လွန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)