ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ဇီးဖြူချောင်းကျေးရွာလမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဟိုင်းကြီးကျွန်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး မြို့အဆင့်ဌာနဆိုင်ရာများနှင့်မြို့နေပြည်သူလူထုများမှ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် ဇီးဖြူချောင်းကျေးရွာလမ်းတစ်လျှောက် အမှိုက်များကောက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်ရေမြောင်းများကိုပြုပြင်ခြင်း၊ လမ်းဘေးဝဲယာရှိခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းညီညွတ်စွာဖြင့် အားကြိုးမာန်တက်လုပ်ဆောင်ခဲ့ကြပြီး ရရှိလာသောအမှိုက်များကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းယာဉ်များဖြင့်လိုက်လံသယ်ယူ၍ စနစ်တကျစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ သန့်ရှင်းသာယာလှပစေရန်အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း)